ဒီလမ်းလေးမှ အစချီ
Tuesday, September 8, 2009 16:50
လျှောက်ခဲ့တဲ့လမ်းလေး
စိုပြေတလှည့် ခြောက်သွေ့တလှည့်
အနှစ်နှစ်တွေ ဖြတ်သန်း
နွမ်းတဲ့အခါ နွမ်းတယ်
လန်းတဲ့အခါ လန်းတယ်
ဒီလျှောက်လမ်းကို ရောက်ခဲ့တဲ့ အချိန်တွေမှာ တောတစ်အုပ်လုံး စိမ်းလန်းနေတာ မြင်ဖူးခဲ့သလို တောတစ်အုပ်လုံး ခြောက်သွေ့နေတာလဲ မြင်ဖူးခဲ့လေရဲ့။ ဒီတခါတော့ ထူးထူးခြားခြားပါပဲ။ လမ်းလေးရဲ့ တစ်ဖက်တောအုပ်က စိမ်းလန်းလို့ တဖက်တောအုပ်မှာတော့ ရိုးတံပြိုင်းပြိုင်းဖြစ်နေချိန်နဲ့ ကြုံခဲ့ရတယ်။ ရာသီစက်ဝန်းတွေ အထပ်ထပ် ရွေ့လျှားခြင်းအောက်မှာ ဒီလမ်းလေးပဲ ခြားတဲ့ ပန်းခြံတစ်ခြံထဲက တောအုပ်နှစ်အုပ်ရဲ့ ရှင်သန်ခြင်းတွေလဲ တကွဲတပြားစီ ဖြစ်နေလေရဲ့။
ရှင်သန်ရင်းကွဲပြား
သုခတလှည့် ဒုက္ခတလှည့်
ခံယူချက်နဲ့ ဘေးပရောဂတွေကြား
မှန်တဲ့အခါ မှန်တယ်
မှားတဲ့အခါ မှားတယ်
ဘဝတစ်လျောက်မှာလဲလေ ခံစားခဲ့ရတဲ့ သုခတွေ ၊ လက်တွဲခဲ့ရတဲ့ ဒုက္ခတွေ ၊ သဘာဝရဲ့ ပရောဂတွေကြားမှာ ခံယူချက် ရပ်တည်ချက်တွေ အမျိုးမျိုး ဖြစ်ရခဲ့တယ်။ ဒီရပ်တည်ချက်တွေနဲ့ပဲ ပျော်ရတဲ့အခါ မှန်တယ်လို့ ခံယူသလို ဒုက္ခတွေ့တဲ့အခါ မှားပြီလို့ ပြင်ဆင်ရင်းနဲ့ပဲ မှန်လိုက်မှားလိုက် ရှင်သန်နေခဲ့တာ ခုချိန်တိုင်အောင်ပဲ။
ငါ့ဘဝမှာ
သင်ကြားမှုတလှည့် သင်ယူမှုတလှည့်
ညွှန်ပြခြင်းနဲ့ လိုက်နာခြင်းကြား
ငါသာ ဆရာဖြစ်တယ်
ငါသာ တပည့်ဖြစ်တယ်
ငါ့ဘဝမှာ တတ်မြောက်လာတဲ့ ကောင်းမှု မကောင်းတွေကြောင့် ငါဟာ ဆရာကောင်းတပည့် ပန်းကောင်းပန် ဖြစ်ဖူးသလို ငါကိုယ်ငါ ဆရာမှားခဲ့လို အင်္ဂုလိမာလလို လက်ညိုးတစ်ထောင် လိုက်ဖြတ်ဖူးတယ်။ မကောင်းမှုတွေ တတ်လာခဲ့ရတဲ့ ငါ့ကိုယ်ငါလဲ မုန်းမိပါရဲ့။
မပျော်ပေမယ့် တော်ရာနေ
ရှုပ်ပွေခြင်းတလှည့် မမျှတခြင်းတလှည့်
အနိတ္ထာရုံနဲ့ စက်ဆုတ်ဖွယ်ရာကြား
မပျော်ပဲလဲ မတော်ရာတွေလုပ်ရတယ်
ကိုယ့်ကိုယ်ကို ဆရာတင် ၊ တော်ရာမှာ ပျော်လာနိုင်အောင် ကြိုးစားထားတဲ့ နေရာဟာ ခုတော့ မတော်တရော်တွေ ဖြစ်နေပါပေါ့လား။ နောင်တလို့ မပြောချင်ပါဘူး။ “ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး” တဲ့။ ခုတော့ ကိုယ်ပိုင်းက ကောင်းပြီး ခေါင်းပိုင်းက ရွေ့နေတာလေပဲလား။ တစ်လှေလုံးပုပ်နေတဲ့ ငါးခုံးမတွေလို့ အပြောခံရတာတော့ နာတယ်။ ပုတ်နေတဲ့ ငါးခုံးမကိုပဲ ပလိုင်းထဲကထုတ်ပစ်ချင်မိတယ်။
ဒီလမ်းလေးမှ အစချီ
စိမ်းလန်းသည်ကတဖက် ခြောက်သွေ့သည်ကတဖက်
စိမ်းလန်းခြင်းတွေ တဘက်သတ်လွန်းရင်တော့
ခြောက်သွေ့ခြင်းတွေကို ဖေးကူမိတော့မယ်
ဒီလမ်းလေးမှာ လျှောက်ရင်းနဲ့ပဲ ဒီလိုတွေးမိပါလေရဲ့….


Waing က ဒီလိုရေးသွားတယ် >>
September 8th, 2009 at 9:14 pm
“မပျော်ပေမယ့် တော်ရာနေ
ရှုပ်ပွေခြင်းတလှည့် မမျှတခြင်းတလှည့်
အနိတ္ထာရုံနဲ့ စက်ဆုတ်ဖွယ်ရာကြား
မပျော်ပဲလဲ မတော်ရာတွေလုပ်ရတယ်” အဲ့ဒီစာသား အရမ်းကောင်းတယ် အကိုရေ….
နောက်ဆုံးတော့လည်း ဒီလမ်းလေးမှာပဲ အဆုံးသတ်ရတော့မလားမသိနော်။
မွန် က ဒီလိုရေးသွားတယ် >>
September 10th, 2009 at 2:43 am
စာညွန့်လေးရေးတော့လဲ ကောင်းနေတာပဲနော် ဒီစာလေးကတော့ တကယ်အထပ်ထပ်ဖတ်လို့ အရသာရှိသလို အကျိုးလဲရှိတာပါပဲ ဒါပေမယ့် တဂ်ထားတာရေးနော် ငိုတော့မှာ
မောင်ငယ် က ဒီလိုရေးသွားတယ် >>
September 10th, 2009 at 4:19 am
အဓိပ္ပါယ်ရှိလိုက်တဲ့ စာစုလေးတွေဗျာ ။ တပိုဒ်ချင်းတပိုဒ်ချင်း စေ့စေ့ငှငှ ဖတ်သွားတယ် ။
နောက်ဆုံး အပိုဒ်လေးက မွန်မြတ်လွန်းပါတယ် ။
သိင်္ဂါရမောင် က ဒီလိုရေးသွားတယ် >>
September 10th, 2009 at 2:06 pm
waing@ ဒီလမ်းလေးကနေ စပြီး တွေးမိတဲ့အတွေးလေးအတိုင်း အဆုံးသတ်ချင်ပါတယ်ဗျာ
မွန်@ အကြွေးရှိမှ နေတတ်အောင် ကျင့်နေတာလေ
မောင်ငယ်@ အားလုံး နောက်ဆုံးပိုဒ်ထဲကအတိုင်း စိတ်တွေ ထားနိုင်ရင် ကောင်းမှာ
ဝေလေး က ဒီလိုရေးသွားတယ် >>
September 10th, 2009 at 6:24 pm
စာပိုဒ်တိုင်းက အဓိပ္ပာယ်တွေအပြည့်….
အထပ်ထပ်ဖတ်သွားပါတယ်။။
မောင်နွေသစ် က ဒီလိုရေးသွားတယ် >>
September 11th, 2009 at 9:07 pm
တောအုပ်လေးကိုတော့ သဘောကျစိတ်ဝင်စားမိတယ်…ထူးထူးခြားခြားတော့ အတော်မြင်တက်တာပဲဗျာ…။
Rainbow က ဒီလိုရေးသွားတယ် >>
October 19th, 2009 at 7:16 am
This article amazed me. Each time I read, it give me a new thought and idea. Thanks for your brilliant thoughts and ideas. I really like the picture too. It perfectly matched with your article. Keep walking… I believe you can make a new history of the road.
သိင်္ဂါရမောင် » မော်စကို……..သို့……….ချစ်သူ က ဒီလိုရေးသွားတယ် >>
November 18th, 2009 at 5:04 am
[...] ရဲ့ ရသတွေကို အတူခံစားကြတယ်။ ဒီလမ်းလေးမှာ ဘာလို့ ဒီလို စိတ်ကူးလေး [...]