သေတဲ့နေ့မှာ ပြန်မွေးမယ့်လူ
Friday, September 11, 2009 3:11သေမိန့်တစ်ခုနဲ့အတူ မွေးလာတဲ့ဘဝ
စခဲ့ရတာ သုည ရှိနေတာက ဗလာ
ငါ့ဘဝ ငါ့သမိုင်း ထင်ရာတွေစိုင်းလာလိုက်တာ
ခုဆိုရင် နှစ်ဆယ့်နဲ့လေး။
ရွှေလင်ပန်းနဲ့ အချင်းမဆေးခဲ့ဘူး
အဖေ့ပုဆိုးစအနှီးထုပ်ထဲမှာ အသက်မျှင်းမျှင်းရှုခွင့်လေးနဲ့
ငါဘဝငါ စထမ်းခဲ့လိုက်တာ
လာရာလမ်းကို မပြန်ရသေးခင်အထိ။
ငါ့နားက မျိုမချနိုင်တဲ့ မပြည့်စုံမှုအကြောင်းတွေ
ရင်းနှီးလိုက်ရတာ ဒုနဲ့ဒေး
ခြေချလိုက်တိုင်း ဒုက္ခပန်းတွေကို ပွင့်လို့။
ကျုံးသွင်းမှရတဲ့ ခင်မင်မှုတွေ
အချွဲပိုနေတဲ့ စေတနာတွေ
ယုံကြည်မှု ထုံကူးရတာသိပ်ခက်တဲ့လူတွေကြား
ထွက်ပေါက်တွေ သိပ်ကျဉ်းခဲ့ဖူးတယ်။
အို… ဘာပဲဖြစ်ဖြစ် သိမ်ငယ်မှုတွေကို
လူမမြင်အောင် အမှိုက်ပုံးထဲ ခိုးထည့်
ကိုယ့်မျက်ရည်ကိုယ်သောက် ကိုယ်မာနကိုယ်စား
မြေနိမ့်ရာ လှံစိုက်ချင်သူတွေကို
ကျွဲပုခုံးထအောင် ကြိုးစားတွန်းလှန်လာလိုက်တာ
အမာရွတ်တွေက နှစ်ဆယ့်နဲ့လေး။
ငါ့လက်ကနာရီ ဓါတ်ခဲကုန်ရင်ရပ်သလို
ငါ့ဇာတာ ဓါတ်ခဲဟာ တရွေ့ရွေ့ကုန်လို့
စီးကရက်တစ်ဗူးစာ ကျော်ရုံပဲရှိသေးတဲ့အသက်
နောက်တစ်ဗူးစာမှ နေရပါ့မလား
နောက်နှစ်ဗူးစာမှ နေရပါ့မလား
ဒါ ငါ့အလုပ်မဟုတ်ဘူး
ငါသေမယ့်ရက်စွဲ ငါကိုယ်တိုင် မဖြည့်ရရင်တော်ပြီ။
မွေးနေ့တိုင်းဟာ တနည်းအားဖြင့်
ကုန်ဆုံးသွားတဲ့ တစ်နှစ်တာအတွက်
တခမ်းတနားမရှိလှတဲ့ အသုဘပွဲတစ်ပွဲ
လာမယ့်နှစ်အတွက် မျှော်လင့်ချက်မွေးတဲ့ပွဲတစ်ပွဲ။
ငါကဗျာဆရာမဟုတ်ပါဘူး
မျက်စိထဲ ဝင်သမျှကို ဦးနှောက်နဲ့ ဇကာချ
အန္တရာယ်ကို မလွယ်ထားနိုင်တော့မှ
ရေဆူမှတ်ရောက်နေတဲ့ ခံစားချက်တွေ
ဒီရင်ဘတ်က တခါတလေ အန်ချမိရုံသက်သက်ပါ။
အနုပညာဝမ်းစာ မပြည့်တပြည့်နဲ့
ကဗျာတွေကို ရင်ဘတ်မှာ ချိတ်ဆွဲ
ခရောင်းတောကို ရဲရဲနင်းရင်း
အခါတစ်ရာသေစမ်းပါစေ
ငါဟာ
သေတဲ့နေ့မှာ ပြန်မွေးမယ့်လူ…
p.s (၁၃.၉.၂၀၀၉) ရက်နေ့မှာကျရောက်မယ့် (၂၄) နှစ်ပြည့် မွေးနေ့အတွက် အမှတ်တရ ကဗျာလေး တစ်ပုဒ်ပါ။ မွေးနေ့တိုင်း ကျွန်တော့်ဘဝမှာ ခံစားရသမျှ ကြည်နူးမှုတွေ နာကျင်မှုတွေကို ပြန်ပြောင်းသတိရရင်း ဆက်လျှောက်ရမယ့် အချိန်တွေအတွက် ခွန်အားမွေးနေရမြဲပါ။ နောင်နှစ်တွေ သူငယ်ချင်းတွေနဲ့ အတူ ဒီနေရာမှာ ရှိနေနိုင်ဖို့ မသေချာတော့ပါဘူး။ သူငယ်ချင်း အားလုံး ဘဝမှာ အမြဲတမ်း ရှင်လူ ဖြစ်နေနိုင်ပါစေ… လို့ ဆုတောင်းလိုက်ပါတယ်။


Waing က ဒီလိုရေးသွားတယ် >>
September 11th, 2009 at 7:04 am
ကောင်းလိုက်တဲ့ ကဗျာလေးပဲ။
ဝိုင်းနဲ့ရွယ်တူဆိုပေမယ့် စာတွေဖတ်ရတာ ၀ိုင်းထက် အသက်ကြီးတယ်လို့တောင် ထင်ရတယ်။ တကယ့်ဝါရင့်သမားတစ်ယောက်ရဲ့စာတွေကို ဖတ်ရတဲ့ အတွက် အရမ်းလေးစားမိပါတယ်။ ပျော်ရွှင်စရာ မွေးနေ့ပွဲလေးတစ်ခုဖြစ်ပါစေလို့ ဆုတောင်းပေးရင်း………
ShwunMi က ဒီလိုရေးသွားတယ် >>
September 11th, 2009 at 10:57 am
ခံစားချက်တွေ မိုက်နေတယ် ကိုမင်းကျန်. .
“မွေးနေ့တိုင်းဟာ တနည်းအားဖြင့်
ကုန်ဆုံးသွားတဲ့ တစ်နှစ်တာအတွက်
တခမ်းတနားမရှိလှတဲ့ အသုဘပွဲတစ်ပွဲ”
ဒါပေမယ့်လည်း အမြဲတမ်း သတိရနေဖို့ ဆက်ကျင်းပကြတာပေါ့.. =)
ဆက်လျှောက်ရမယ့် နေ့တွေအတွက် ခွန်အားမွေးမြဲ မွေးပါ..
သူငယ်ချင်းကောင်းတစ်ယောက် ဆိုတာ သူငယ်ချင်းတိုင်းရဲ့ ရင်ထဲမှာ “ရှင်လူ” ပါ။
လေးမ က ဒီလိုရေးသွားတယ် >>
September 11th, 2009 at 4:45 pm
မွေးနေ့ကဗျာလေးကို ဖတ်ရင်းဖတ်ရင်း အစ်မ အသက်ရှူမြန်လာတယ်..
အန္တရာယ်ကို မလွယ်ထားနိုင်တော့မှ.. ဆိုတဲ့ နေရာအရောက်မှာ အသက်အောင့်ထားမိပြီး
အခါတစ်ရာသေစမ်းပါစေ
ငါဟာ
သေတဲ့နေ့မှာ ပြန်မွေးမယ့်လူ… လို့  အဆုံးသတ်သွားတော့ ပြုံးမိတယ်..။
ဒီကဗျာက ၂၄ နှစ်ဆိုတဲ့ အသက်ထက်ပိုပြီးရင့်ကျက်မှုတွေ ပြည့်နေတယ်…။
ကျန်စစ်ချစ်တဲ့သူတွေ အတွက် .. ချစ်တဲ့သူတွေရဲ့ ရှင်လူ.. အမြဲထာဝရ ရှင်လူ… ဖြစ်နိုင်ပါစေ လို့  ဆုတောင်းပေးခဲ့ပါတယ်..။
ခင်တဲ့
အစ်မ လေးမ
THS က ဒီလိုရေးသွားတယ် >>
September 11th, 2009 at 5:29 pm
ရှတတ လေး ခံစားရတယ် ၊ ခေါင်းစဉ်ရော ကဗျာစာသားတွေကိုပါ အရမ်းကြိုက် ၊ မွေးနေ့ဆုတောင်း ကြိုပေးလို့ ရတယ် ဟုတ် ၊ ဘ၀မှာ အခက်အခဲ အနဲဆုံးနဲ့ အောင်မြင်မှု ရနိုင်ပါစေ လို့ပေါ့ဗျာ ….
သြော် ဒါနဲ့ လမ်းကြုံချင်ယောင် ဆောင်ပြီး တမင်တကာ လာခဲ့ရမှာလား ကိုယ့်လူ ..
Dream က ဒီလိုရေးသွားတယ် >>
September 11th, 2009 at 6:27 pm
ဖွားဖက်တော်…. ကဗျာလေးက တော်တော်လန်းနေတယ်။..
မက်မက်က အမြဲသတိရနေပါတယ်…. မွေးနေ့မွေးရက်တူတဲ့ ဖွားဖက်တော်ကို…
ဖွားဖက်တော်လဲ ကျမ်းမာချမ်းသာပြီး ဘ၀မှာ လိုတိုင်းရ နိုင်တဲ့သူဖြစ်ပါစေ။ အမျိုးဘာသာသာသနာကို စောင့်ရှောက်နိုင်တဲ့ သားလိမ္မာဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်….
ညိမ်းညို က ဒီလိုရေးသွားတယ် >>
September 12th, 2009 at 10:33 am
မွေးနေ့ အနှစ်၁၀၀ တိုင်ပါစေဗျာ
ဆြာကျန်ရေ စာတွေ၊ ကဗျာတွေလည်း ဒီထက် ဒီထက် ပိုလို့တိုးလို့ ရေးနိုင်ပါစေး)
ချစ်တဲ့သူနဲ့လည်း အမြန်ဆုံးပေါင်းဖက်ရပါစေဗျာ
နွေကဗျာ က ဒီလိုရေးသွားတယ် >>
September 12th, 2009 at 11:10 am
***ငါ့ဘဝ ငါ့သမိုင်း ထင်ရာတွေစိုင်းလာလိုက်တာ
ခုဆိုရင် နှစ်ဆယ့်နဲ့လေး ***
နှစ်ဆယ့်လေးနှစ်ပြည့်
မွေးနေ့ ကဗျာလေးစပ်ထားတာ တမူထူးပြီး
တော်တော်လေးကောင်းလို့
အထပ်ထပ် ဖတ်နေမိတယ်
မွေးနေ့မှ စပြီး နှစ်တစ်ရာတိုင်
လျှောက်လှမ်းရမယ့် ဘ၀ ခရီးမှာ
အောင်မြင်မှုတွေ ရရှိနိုင်ပါစေနော်
ကဲ ခွန်အားတွေဆက်သာမွေး ကျန်စစ်ရေရ
အာလုံးရဲ့ ဘ၀ထဲမှာ အမြဲတမ်း ရှင်လူဖြစ်နိုင်ပါစေနော်…:)
့hApPy BiRtHdAy !!!!!!!!!!!!!!!!!!!!!!!
ဖြိုးငယ် က ဒီလိုရေးသွားတယ် >>
September 12th, 2009 at 4:29 pm
ကောင်းလိုက်တဲ့ ကဗျာကွာ .. ဒါတောင် ကဗျာဆရာမဟုတ်ပါဘူး
မျက်စိထဲ ဝင်သမျှကို ဦးနှောက်နဲ့ ဇကာချ
အန္တရာယ်ကို မလွယ်ထားနိုင်တော့မှ
ရေဆူမှတ်ရောက်နေတဲ့ ခံစားချက်တွေ
ဒီရင်ဘတ်က တခါတလေ အန်ချမိရုံသက်သက်ပါ တဲ့ .. စာသားတွေကလည်း လန်းတယ်ဟေ့ ..
ကဲ .. မွေးနေ့မှာ ဘာအစီအစဉ် ရှိလဲ … လိုအင်ဆန္ဒများ ပြည့်ဝပါစေဗျာ …
Black Dream က ဒီလိုရေးသွားတယ် >>
September 13th, 2009 at 1:51 am
အရင်ဘ၀မှာ ကျန်ခဲ့တဲ့သူတွေအတွက် ၂၄ နှစ်မြောက် လွမ်းဆွတ်သတိရခြင်း အခမ်းအနားတစ်ခုပေါ့ကွာ..။
မွန် က ဒီလိုရေးသွားတယ် >>
September 13th, 2009 at 3:19 am
အခါတစ်ရာသေစမ်းပါစေ
ငါဟာ
သေတဲ့နေ့မှာ ပြန်မွေးမယ့်လူ…
အဲဒီမှာ မာနတွေနဲ့ ရင်ထဲတန်းရောက်တယ် ဟုတ်တယ် အဲဒီလူကိုသိတယ်
ကျုံးသွင်းမှရတဲ့ ခင်မင်မှုတွေ
အချွဲပိုနေတဲ့ စေတနာတွေ
ယုံကြည်မှု ထုံကူးရတာသိပ်ခက်တဲ့လူတွေကြား
ထွက်ပေါက်တွေ သိပ်ကျဉ်းခဲ့ဖူးတယ်။
အဲဒီနားမှာ မွေးနေ့နောက်ကျ ဆုတောင်းအတွက် စိတ်မကောင်းဖြစ်သွားတယ်
မွေးနေ့ကိုမေ့နေတာမဟုတ်ဘူးဆိုတာတော့ မွန့်အကိုကိုသိစေချင်တယ် နောက်ကျပြီးမှ ဆုတောင်းပေးဖို့ အရှိန်ယူနေရလို့ မွန့်ကိုခွင့်လွှတ်ပါ
ဝေလေး က ဒီလိုရေးသွားတယ် >>
September 13th, 2009 at 7:46 pm
၁၃ ရက်နေ့မွေးနေ့ဆိုတာ အရင်ပို့စ်မှာဖတ်ဖူးလို့ အမှတ်ရစွာနဲ့ လာကြည့်တာ ကဗျာလေးကို သိပ်သဘောကျသွားတယ်။
မွေးနေ့တိုင်းဟာ တနည်းအားဖြင့်
ကုန်ဆုံးသွားတဲ့ တစ်နှစ်တာအတွက်
တခမ်းတနားမရှိလှတဲ့ အသုဘပွဲတစ်ပွဲ
အဲဒီနေရာလေးကိုတော့ တစ်ကယ်ရင်ထဲထိသွားတယ်။
happy birthday!!
ဖြစ်ချင်တာနဲ့ ဖြစ်နေတာနဲ့ ဖြစ်လာမှာနဲ့ တစ်ထပ်တည်းကျနိုင်ပါစေ။
ပန်းခရေ က ဒီလိုရေးသွားတယ် >>
September 16th, 2009 at 11:19 am
၂၄နှစ်ပြည့်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ဘ၀ရဲံ စစ်မှန်ခြင်းများစွာဖြင့်ချစ်တဲ့သူကိုလက်တွဲရင်း လျှောက်လှမ်းနိုင်ပါစေ..
၈လကြီးတဲ့
မေကြီး
း)))
မောင်နွေသစ် က ဒီလိုရေးသွားတယ် >>
September 20th, 2009 at 10:48 am
အကိုရေ…ဘ၀ကိုဖော်ကျူးထားပုံနဲ့…ဆင်ခြင်သုံးသပ်ထားတာလေးတွေ ကောင်းတယ်ဗျာ…လေးစားမိပါတယ်…အကိုရေ
ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ…။
ဗီလိန် က ဒီလိုရေးသွားတယ် >>
October 17th, 2009 at 6:28 pm
လေးစားလောက်တဲ့ အရေးအဖွဲ့လေးပါ။ အားကျစွာ ၂ ခါပြန် ဖတ်သွားပါတယ်။
sainge က ဒီလိုရေးသွားတယ် >>
November 18th, 2009 at 4:08 pm
လဒ … အဲဒီနေ့က မူးအောင် မသောက်ရတာ အကြွေးနော်…
အရေးအသားကတော့… ကြွေကျလောက်တယ်…
အဲဒါတွေကြောင့် ကောင်မလေးတွေပေါနေတာ…. (မင်းကောင်မလေးနဲ့ရန်ဖြစ်အောင်)