7 VIPs
Monday, December 7, 2009 18:10တနေ့ တချိန်တုန်းက အူနံရံပါးပါးတွေကို တွန်းကန်ထွက်လာလိုက်တာ မွေးနေ့အဖြစ် တည်နေခဲ့တယ်။ ကျောင်းအပ်မယ့် နေ့ရောက်သည်အထိ အဖေနဲ့ အမေ နာမည်ရွေးလို့ မပြီးသေးတာ မှတ်မိသေးတယ်။ ကစားဝိုင်းထဲ အနိုင်ကျင့်ခံရတဲ့နေ့တွေ နာကျဉ်းနေတတ်သေးတယ်။ မုန့်လုစားဖက် ရှိလာမယ့်နေ့တွေ မျှော်လင့်ခဲ့ဖူးတယ်။ ကျောပိုးအိတ်တစ်လုံးနဲ့ အိမ်ပြေးဖြစ်တဲ့နေ့ကို လွမ်းဆွတ်နေတတ်သေးတယ်။
အဟောင်းတွေ အသစ်တွေ များစွာသော နေ့များထဲက အဲဒီနေ့လေး တစ်နေ့က………
အမိဝမ်းတွေမတူခဲ့ဘူး
ခြေချခဲ့တဲ့ မြေအရောင်တွေ မတူခဲ့ဘူး
ထမ်းခဲ့ရတဲ့ ဒုက္ခအိုးတွေ မတူခဲ့ဘူး
ဒါပေမယ့်
တစ်ယောက်လက်ကို တယောက်ဆွဲမိချိန်
သွေးကြောထဲက ခံယူချက်တွေ
ရင်ဘတ်ထဲက သံယောဇဉ်တွေ
တူညီနေခဲ့ရင် ပုခုံးဖက်ရင်းပြောလိုက်မယ်
မင်းဟာ ငါ့ရဲ့ သူငယ်ချင်း…
တောင်စွယ်မှာ နေမကွယ်သေးပါဘူး။ လျှပ်စစ်မီးတို့ မပြတ်တောက်ပါဘူး။ ဘယ်သူမှ အမှောင်မချပါဘူး။ ခပ်ပါးပါး နှင်းတို့လဲ ဖြူဖြူဖွေးဖွေးကျနေဆဲ။ ဒါပေမယ့် ဒီနေ့ ကျနော်တို့ရဲ့ စိတ်တွေ မည်းမှောင်နေခဲ့တယ်။ တနည်းအားဖြင့် မဲနက်သော အမှတ်တံဆိပ်ကို ရင်ဘတ်မှာ ကပ်ပြီး အပြုံးမျက်နှာတို့နဲ့ ဖြတ်သန်းကြတဲ့နေ့။ Black Label နဲ့ ဝိုင်းဖြစ်ကြတဲ့နေ့။
၁) ဂိုဏ်းချုပ်ကြီးမိုးသီး
ဘယ်လိုခေါင်းစဉ်တပ်ရမယ် မသိတဲ့နေ့တစ်နေ့ရဲ့ ဖြစ်ရပ်အားလုံးကို ဒင်းစတာ။ သူငယ်ချင်းတွေ စကားလက်ဆုံ မဝိုင်းဖြစ်ရင် အရမ်းလွမ်းနေတတ်တဲ့ဒင်း။ မင်းဘဝရဲ့ ဝမ်းနည်းစရာအချိန်တွေမှာ ဒီသူငယ်ချင်းတွေ ဖေးကူခွင့်ရသလို ပျော်စရာအချိန်တွေမှာ ပါဝင်ခွင့်ရတဲ့အတွက် ကျေနပ်မိတယ်။ ရုပ်တည်နဲ့ လက်ချာတွေပေး ချွန်တွန်းလုပ်တတ်သေးတယ်။ ဓါတ်ပုံရိုက်ရင် သုံးခါလောက်ရိုက်မှ မျက်လုံးပွင့်ပြီး မခို့တရို့ အပြုံးလေး ပြုံးပြတတ်သေးတယ်။ အာလူးကို သိပ်ကြိုက်တဲ့ဒင်း ၊ ပြောတဲ့စကားက perfect ဖြစ်တယ်ဆိုပဲ။ ဒင်း ကောင်းကို မကောင်းဘူး တကယ် မိုက်မဲတယ် (မိုက်လည်းမိုက်တယ် မဲလဲမဲတယ်) ဒါ့ကြောင့် ငါတို့ပေါင်းလို့ရတာ။
၂) ဂျိုကာကြီးပိစိ
ဒီကောင် ကြံရာပါ။ မကောင်းတဲ့ကိစ္စဆို ဖြစ်မြောက်ရေးအတွက် အမြဲကြံစည်တတ်တဲ့ကောင်။ perfect ဖြစ်တဲ့ ပွဲမှာ ပါအဖြောင့်ဆုံးလို့ ကြွေးကြော်သွားသေးတယ်။ ဒါတောင် ပုလင်းသုံးလုံးဆင့်ရင် သူ့အရပ်နဲ့ level ဖြစ်နေလို့ တော်သေးတယ်။ “မအေးအေးဝင်း စီစဉ်သည်” ဆိုတာထက် အဆတစ်ရာပိုပြီး ကြိုတင်စီစဉ်တဲ့ကောင်။ လူမိုက်အကြံပေး ၊ ဈေးဝယ် ၊ အချက်ပြုတ်နဲ့ မာကာတာဝန်တွေ တနင့်တပိုး ထမ်းဆောင်ပြီး သီချင်းနဲ့ ချော့သိပ်ခဲ့သေးတယ်။ ဒီလိုကိစ္စတွေမှာ တာဝန်ယူ စီစဉ်တတ်တဲ့မင်းလဲ မကောင်းဘူး သူငယ်ချင်း ဒါ့ကြောင့် ငါတို့ပေါင်းလို့ရတာ။
၃) လူမိုက်ကြီးမဲလုံး
အငွေ့ပဲစားတယ် အမြဲပြောတတ်တယ်။ အနံ့ပဲရရင် အငွေ့ပဲစားပြီး ပန်းကန်တွေ့ရင် အတွေ့စားတတ်တဲ့သူ။ Fair & Lovely ကုမ္ပဏီကို တရားစွဲဖို့ ဆိုင်းပြင်းနေတတ်သလို Show Room တွေမှာ security လုပ်ဖို့ ရုပ်ခံရှိတယ်လို့ ကြေညာသွားတဲ့သူ။ ပုတုပုံပြင်တွေကို ဆန်းသစ်တီထွင်တတ်ပြီး ချစ်သူဆီမှာ သုံးရက်လောက် ကြိုတင်ခွင့်ယူကာ ပွဲမှာ မဖြစ်ဖြစ်အောင် ပါဝင်ခဲ့တာသူ။ ပုလင်းလေးကိုင်ရင်း “ဒီ Black Label စပြီး စိမ်တုန်းက တို့တွေ ဂျိုးတန်းလန်းနဲ့ ဂွေလှိမ့်တုန်းပေါ့။ ခုတော့ အမြင်ကတ်လို့ သောက်ပစ်လိုက်ပြီ” ဆိုတဲ့သူ။ သူလဲ မကောင်းဘူး ဒါ့ကြောင့် ငါတို့ ပေါင်းလို့ရတာ။
၎) လူဆိုးကြီးပေသီး
အသွေးထဲကအသား အရိုးထဲကအားနဲ့ “အဲဒါဘလက်ဟုခေါ်သည်”လို့ ဟစ်ကြွေးတဲ့သူ။ ဟော့ပေါ့ကို လက်ညှိးထိုးရင်း “သုံးဆောင်ကြည့်ပါ ကုန်းဘောင်ခေတ်ကလိုတော့ မဟုတ်ဘူး” ဆိုတဲ့ မင်းရဲ့အညွန်း ၊ “အသဲယားတဲ့ ပဲပြား” ဆိုတဲ့ မင်းရဲ့ အပြောနဲ့ တို့သူငယ်ချင်းတွေ ပိုပြီး ပျော်ရွှင်စေခဲ့တာ အမှတ်တရပဲ သူငယ်ချင်း။ “Life is always not perfect but today is Perfect-Day!!!” ဆိုတဲ့ မင်းဆုတောင်းနဲ့ လူမိုက်အားပေးလုပ်တဲ့ မင်းလဲ မကောင်းဘူး သူငယ်ချင်း ဒါ့ကြောင့် ငါတို့ ပေါင်းလို့ရတာ။
၅) စော်ဘွားကြီးငမူး
လိုင်စင်ရ သူတောင်းစား။ ဘုရားစူး တောင်ပေါ်သား။ အသားလုံးကို ဆလပ်ရွက်နဲ့ထုပ်စားရင်း နင်နေလို့ Black Label နဲ့ မျှောချရတဲ့ဘဝမှာ စားရသောက်ရတာ သိပ်မောတာပဲလို့ ငြီးငြူနေတတ်သေးတာ။ သောက်အပြီး စိုးရိမ်တဲ့ ညှောင်နာနာ လေသံလေးနဲ့ “အား….. ဖျားများ ဖျားမလား မသိဘူး”တဲ့ ပြောတတ်သေးတယ်။ သူများထက်ထူးတဲ့ သူ့ရဲ့ အစွမ်းအစလေးက သူကြိုက်မလို့ ရာထားလိုက်တဲ့ ကောင်မလေးတိုင်း သူများတွေ “မ” သွားတတ်ကြတယ်။ ဒါ့ကြောင့် “ရာမကြီး” လို့လဲ ခေါ်လို့ရသေးတယ်။ သူများတွေ အရက်ကို အကြောင်းအမျိုးမျိုးနဲ့ သောက်ကြပေမယ့် သူကတော့ “အရမ်းကြီးကြိုက်တာ” ဆိုတဲ့ တမျိုးတည်းနဲ့ပဲ ပွဲသိမ်းစကားဆိုတယ်။ အဲလိုလိမ္မာတဲ့ သူငယ်ချင်း မင်းလဲ မကောင်းဘူး ဒါ့ကြောင့် ငါတို့ ပေါင်းလို့ရတာ။
၆) မိုက်ခဲကြီးဆိုးသွမ်း
Camera allergies, alcohol allergies ရှိသူ။ အပြောကြီးသလောက် တဖက်လှည့်နဲ့ ခိုင်းစေဖို့ software, program များသာ ရေးဆွဲနေသူ။ ငုံးဥများ လိမ်လည်စားသောက်သူ။ မူးလာရင် ဝက်မှိန်းမှိန်းတတ်လိုက်သေးတယ်။ တမျိုးတဆွေလုံးမှာ မင်းတစ်ယောက်တည်းသာ (၈၅) ကျပ်တန် မကျည်းသုံးလုံးနဲ့ မင်းရဲ့ allergies တွေ ပျောက်ခဲ့ရတဲ့သူငယ်ချင်း တကယ်ခင်လို့ သတိပေးလိုက်မယ် မင်းအမေကို ပွင့်ပွင်းလင်းလင်း မေးဖို့လိုပြီ
“သောက်ပြီးတိုင်း ခင်များတို့ စားကြအုံးမလား” ပြောရင်း လိုက်ခွံ့တတ်တဲ့မင်း။ မင်းလဲ မကောင်းဘူး ဒါ့ကြောင့် ငါတို့ ပေါင်းလို့ရတာ။
၇) ငဖွကြီးမောင်ကျန်
ရတနာရှိရာ ရတနာလာသတဲ့။ တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုးတဲ့။ ဒင်းတို့နဲ့ ပေါင်းမိခဲ့တဲ့ ငါလဲ မကောင်းဘူး။ အခန့်မသင့်ရင် ဝဒ်ဆိုက်ပေါ်ရောက်မယ်နော် ဆိုတဲ့ မင်းတို့အတွက် အခန့်သင့်အောင် မှတ်မှတ်ရရလေး ရေးပေးချင်တဲ့ကောင်။ သူငယ်ချင်းတို့ရေ မကျေနပ်ရင် အားရပါးရ မျက်စောင်းနဲ့သာ ထိုးပစ်လိုက်တော့။ မချက်တတ်ပဲ အိုးသူကြီး လုပ်တဲ့ကောင်။ တောက်တိုမယ်ရကို ပေါက်ကရလုပ်တဲ့ကောင်။ အရက်ငွေ့ကြောင့် မှန်ကြောင်ဖြစ်သွားတဲ့ကောင်။ ဒီလိုကိစ္စဆို နှစ်ခါလက်မတို့ရတဲ့ မောင်ကျန်။ ငါလဲ မကောင်းဘူး ဒါ့ကြောင့် မင်းတို့နဲ့ ပေါင်းလို့ရတာ။
ပျော်ပွဲရွှင်ပွဲထဲက ပျော်စရာ အကောင်းဆုံးပွဲ။ မာနတွေ ဟန်ပန်တွေ အရေခွံမခြုံတဲ့ပွဲ။ လွတ်လပ်မှုတွေ ရွက်လွှင့်တဲ့ပွဲ။ ရယ်မောသံတို့ နားထဲမှာ ပဲ့တင်ထပ်ဆဲ။ သံပြိုင်သီချင်သံတို့ နားထဲမှာ ပျံ့လွင့်ဆဲ။ သတိရတိုင်း ထအော်တတ်ကြသေးတာက “—–ဟု ခေါ်သည်” တဲ့။ မသိသူကျော်သွား သိသူဖော်စားကြလိမ့်မယ်။ ဘယ်သူတွေ ဘာပြောပြော ဒီတစ်ညမှာတော့ တို့သူငယ်ချင်းတွေ ရိုးသားစွာနဲ့ “ဤ” ကို “ကျွဲ” ဖတ်လိုက်ကြတယ်။ တို့စကားထဲကအတိုင်းပေါ့ မင်းတို့ဟာ ငါ့ရဲ့ VIP တွေ ဖြစ်သလို ငါလဲ မင်းတို့ရဲ့ VIP ဖြစ်နေဖို့ အမြဲမျှော်လင့်တယ်။ ကိုဂျော်နီလမ်းလျှောက်တုန်း တို့ထိုင်ရာကနေ မျှင်းမျှင်းလေး မှောက်သွားတဲ့ ညတစ်ညမှာ တို့တွေဟာ 7 VIPs ။
7 VIPs သူငယ်ချင်းများအတွက် သီးသန့်ဖွထားခြင်းဖြစ်ပါတယ်။ ဒီလိုနေ့မျိုး အကြိမ်တစ်သိန်းမက ကြုံကြရပါစေကွာ။


နွေကဗျာ က ဒီလိုရေးသွားတယ် >>
December 7th, 2009 at 9:35 pm
Black Label နဲ့ ဝိုင်းဖြစ်ကြတဲ့နေ့ ဆိုပါလားး
၁) ဂိုဏ်းချုပ်ကြီးမိုးသီး
၂) ဂျိုကာပိစိ
၃) လူမိုက်ကြီးမဲလုံး
၎) လူဆိုးကြီးပေသီး
၅) စော်ဘွားကြီးငမူး
၆) မိုက်ခဲကြီးဆိုးသွမ်း
၇) ငဖွကြီးမောင်ကျန်
(၇) ယောက်ပေါင်း လောင်းကျော်မယ့်ပုံပဲနော် ဟဲဟဲ
VIPs ၇ ဖော်တို့ နောင်များမှာလည်း
ဒီလို ပွဲမျိုးကို ဆင်နွဲပြီးး
ဒီထက်မက အဆပေါင်းများစွာ ပျော်ရွှင်နိုင်ကြပါစေနော်..:)
အားပေးအားမြှောက်လုပ်တာတော့ ဟုတ်ဘူးနော် ဟိဟိ
ငါလည်းး မကောင်းဘူး အဲဒါကြောင့် ….:P
ပျော်ရွှင်ပါစေ…!!!!!
ဆိုးသွမ်း က ဒီလိုရေးသွားတယ် >>
December 8th, 2009 at 4:07 am
ဟ ဟ ဟ ဟ ဟ မောင်ကျန် တစ်တို့ ရေ ,
ရေးနေတုန်းကရော သောက်တာများလို့ အရက်ငွေ့ကြောင့် တပ်ထားရတဲ့ မျက်မှန်ရောပါရဲ့လား။။။
မင်းပြောတာ တခုကျန်နေသေးတယ်လေ ….ဘာတဲ့ …
“ငါကအူရိုင်းလေး….အူရိုင်းလေး ဆိုပြီး သောက်လိုက်တာ ကြွက်တွင်းတောင်ရေထည့်ရင် ပြည့်ပါသေးတယ်… မင်းက အူရိုင်းတော့ အူရိုင်းလေးပဲ…ဒါပေမဲ့ ဘယ်တော့မှ မယဉ်တဲ့အရိုင်း”ဆိုတာလေ။
မြန်မာပြည်ရောက်ရင်တော့ အရင်ဆုံးယူတဲ့ကောင် ဒီလိုတ၀ိုင်းဆိုတာမမေ့နဲ့နော် …..
စော်ဘွားကြီးငမူး က ဒီလိုရေးသွားတယ် >>
December 8th, 2009 at 11:41 pm
ထင်တော့ထင်သား… နောက်နေ့မှာ ဒီလိုမျိုး အပေါ်ကို ရောက်မယ်ဆိုတာကို

တော်သေးတယ် ဓါတ်ပုံတွေ ရောက်မလာလို့
ငဖွကြီးရေ… မြန်မာကို ရောက်တာနဲ့ ဒီလိုမျိုးတွေ ရှိဖို့ကျန်သေးတာ မမေ့နဲ့အုံး။
အခုတော့ ဖျားများဖျားမလား မဟုတ်တော့ဘူး ဖျားကိုဖျားနေတာ… ဆေးသောက်တာ နင်နေလို့ ဘီယာလေးနဲ့ မျှော့ချရတဲ့ ဘဝပါ… သနားကြပါအုံး… ဂိုဏ်းချုပ်ကြီးနဲ့ အပေါင်းပါတို့ရေ…. ဟဲဟဲ
Perfect ဖြစ်တဲ့ နေ့တွေ အများကြီး တွေ့ချင်ပါတယ်…. ဆက်လက်ကြိုးစားကြပါစို့
ပေသီး (နာမည်သာဆိုး၍ ရူပါတော့လန်းသည်) က ဒီလိုရေးသွားတယ် >>
December 10th, 2009 at 5:56 pm
အင်း..အဲ မန့်ဆိုတော့လည်း မန့်ရတာပေါ့ကွာ။ ဘာရေးလို့ရေးရမှန်းလဲမသိဘူး။ ဆရာကျန်လို အကြံအဖန်သမား မဟုတ်တော့လည်း တော်ကီက အလကားနေရင်းလဲ မထွက်ဘူးဟ။ ဘလက်ခ်တို့ ဘောလ်ကာတို့နဲ့သာဆိုရင် တော်ကီများ ဖလန်းဖလန်းကိုထနေတာပဲ။ အင်း..ဖြစ်နိုင်ရင်တော့ မိုက်ယုံရင်မက မဲပါမဲသေးတဲ့ ဂိုဏ်းချူပ်ပြီး မိုက်မဲတို့..သားက အနံ့ပဲရှူတာဆိုပြီး ခွက်ပါပျောက်အောင် ရှူမလား အောက်မေ့ရတဲ့ မဲလုံး၊ ငမူး-အရက်ကလေးများသောက်ရရင် ပြုံးလို့ ၊ လမ်းလျှောက်နေတဲ့ဂျော်နီကို ဘော်လ်ကာပါထမ်းပြီး ပြေးခိုင်းတဲ့ပိစိ (လာသေးတယ် သူ့ကိုသူများ ဂျွန်ထယ်ထွဋ်ဆိုပဲ)၊ တစ်မျိုးလုံးအရက် သောက်မရတာကို သူတစ်ယောက်တည်းသာ အရက်နဲ့တဲ့တယ်ဆိုတဲ့ ကိုဆိုးသွမ်း၊ လောကကြီးကို ဘောင်ခတ်ကြည့် .. ဘော်ကာနဲ့ ရေတောင် အရသာချင်းတူပြီး လစ်မစ်တွေတက်တက်လာတဲ့ ဆရာကျန်…အေးကွာ မင်းတို့နဲ့ပေါင်းမှ ငါလည်းလူမိုက်ကြီးကိုဖြစ်လို့..မထူးပါဘူး နောက်လည်း ဆွဲမယ်ဆိုခေါ်ဦး၊ ငါပါဝိုင်းဖျင်းမယ်
(တလွဲမတွေးနဲ့) ဤကဲ့သို..ဤကဲ့သို့………………
Rainbow က ဒီလိုရေးသွားတယ် >>
December 13th, 2009 at 8:03 am
မကောင်းတာကို အခုလို ပွင့်ပွင့်လင်းလင်း ၀န်ခံတတ်တာတော့ ချစ်စရာ အမူအကျင့်တစ်ခုပါ။ ဒါပေမယ့် ဟိုတလောက မှတ်သားသွားတယ်… Famous People in the world post မှာလေ..။ မကောင်းတာသိရင် ပြင်ကြရအောင်လားဆိုတာလေ…။ သိင်္ဂါရမောင်ရဲ့ စာဖတ်သူအနေနဲ့ အမြဲမှတ်သားနေတာနော့်။
စိတ်နောက်သွားအောင် အလုပ်နဲ့
တစ်ခါတစ်လေ Black Label လုပ်ဖြစ်ကြတာ အကြောင်းမဟုတ်ဘူးလေ…။ ဒါပေမယ့် ရေဆာတိုင်းတော့ ကြည့်သောက်အုံးပေါ့..။ ရေချိန်မကိုက်တော့တဲ့ အူရိုင်းတွေနဲ့ဆိုတော့ ခွက်မှားနေမှာ စိုးလို့ ဟက်ဟက်။
ဆိုးသွမ်း က ဒီလိုရေးသွားတယ် >>
December 15th, 2009 at 7:51 pm
ဟ ဟ ဟ … ဟုတ်ပါ့ကွာ…
ရေခွက်မှန်း အရက်ခွက်မှန်း မသိအောင် ဖြစ်နေတာတော့…
တော်တော် ဆိုးတယ် ဆရာကျန်ရေ …